သင်တန်း- နိုင်ငံသားနှင့် နိုင်ငံသားဖြစ်ခွင့်
Module 1: နိုင်ငံသားဖြစ်မှုနှင့် အမျိုးသားမှတ်ပုံတင်
ဤသင်ခန်းစာသည် နိုင်ငံသားဖြစ်မှု၊ အမျိုးသားရေးလက္ခဏာနှင့်ဘာသာတရားတို့အကြာ းဆက်နွယ်မှုများက လက်ခံအသိအမှတ်ပြုမှုနှင့် ပူးပေါင်းပါဝင်မှုတို့ကို မည်ကဲ့သို့ ပုံဖော်သည်ကို လေ့လာထားပါသည်။

ဤသင်ခန်းစာသည် နိုင်ငံသားဖြစ်မှုနှင့် အမျိုးသားရေးလက္ခဏာကို နားလည်သဘောပေါက်စေပြီး ၎င်းတို့၏သမိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန်ချိတ်ဆက်မှုများကို နားလည်စေခြင်းဖြစ်သည်။ အထူးသဖြင့် အမျိုးသားရေးလက္ခဏာကို ပုံဖော်ခြင်းနှင့် နိုင်ငံသားဖြစ်ခွင့်ကို သတ်မှတ်ရာတွင် ဘာသာရေးနှင့် လူမျိုးရေး အခန်းကဏ္ဍကို စူးစမ်းလေ့လာပါသည်။
နိုင်ငံသားဖြစ်မှုကို သတ်မှတ်ခြင်း။
နိုင်ငံသားဖြစ်မှုသည် တစ်ဦးချင်းနှင့် နိုင်ငံတော်အကြား တရားဝင် ဆက်စပ်မှုကို ရည်ညွှန်းပြီး၊ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို ဆောင်ယူစေပါသည်။ သို့သော် ၎င်းသည် ဥပဒေရေးရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ကျော်လွန်၍၊ လက်ခံအသိအမှတ်ပြုခြင်း (belonging)၊ ဖယ်ထုတ်ခံရမှု (exclusion) တို့၏ သဘောတရားများကို မည်သို့ပုံဖော်သည်ကိုပါ ရှာဖွေလေ့လာပါသည်။
နိုင်ငံသားဖြစ်ခွင့် (Nationality) သည် ခိုင်မာသော တွယ်တာမှုဆိုင်ရာ လူမှုရေးအချက်အလက်၊ စစ်မှန်သော တည်ရှိမှု၊ အကျိုးစီးပွားနှင့် ခံစားမှုတို့၏ ဆက်နွှယ်မှုတို့အပြင် အပြန်အလှန် အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ရှိနေခြင်းကို အခြေခံသည့် တရားဝင်ဆက်စပ်မှုတစ်ခုဖြစ်သည်။
နိုင်ငံသားဖြစ်ခွင့် (Citizenship) နှင့် နိုင်ငံသားဖြစ်မှု (Nationality) တို့သည် အတူတူပင် ဟုတ်မဟုတ်၊ မည်သည့် အခေါ်အဝေါ်တွင် မည်သည့်အဓိပ္ပာယ်များ ပါဝင်သည်ဆိုသည်ကို မကြာခဏဆိုသလို ရှုပ်ထွေးမှုများ ရှိတတ်ပါသည်။
နိုင်ငံတကာဥပဒေရေးရာရှုထောင့်မှ အဲလစ်အက်ဒွပ် သည် ဤသဘောတရားများကိုနားလည်ရန် အဓိကချဉ်းကပ်မှုနှစ်ခုကို ဖော်ထုတ်သည်။ ပထမချဉ်းကပ်မှုတွင် နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံသားဖြစ်ခွင့်သည် ကွဲပြားသော်လည်း နိုင်ငံတော်အဖွဲ့ဝင်ဖြစ်ခြင်း၏ အပြန်အလှန်ဆက်စပ်နေသည့် ရှုထောင့်များအဖြစ် မြင်သည်။ နိုင်ငံသားဖြစ်မှု ဆိုသည်မှာ လူတစ်ဦးနှင့် တစ်ဦးအကြား အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ၎င်းတို့၏ အဆင့်အတန်းကို သတ်မှတ်ပေးသည့် ဥပဒေဆိုင်ရာ နှောင်ကြိုးအဖြစ် သတ်မှတ်ထားသည်။ ဆန့်ကျင်ဘက်အားဖြင့် နိုင်ငံသားဖြစ်ခွင့်သည် အုပ်ချုပ်ရေးဥပဒေပါ အမြင့်ဆုံးနိုင်ငံရေးအခွင့်အရေးနှင့် တာဝန်များကို ကိုယ်စားပြုသည်။ ဒုတိယချဉ်းကပ်မှုတွင် အခွင့်အရေးများဆိုင်ရာ စည်းကမ်းချက်များအရ ၎င်းတို့၏ ရင်းနှီးသောဆက်ဆံရေး (မော်ဂျူး ၂ ကိုကြည့်ပါ) နှင့် နိုင်ငံတကာနှင့်ပြည်တွင်းဥပဒေရေးရာအခင်းအကျင်းနှစ်ခုလုံးတွင် ၎င်းတို့၏အလားတူရည်ရွယ်ချက်ဖြင့် ဝေါဟာရနှစ်ခုကို အပြန်အလှန်ဖလှယ်နိုင်သည်ဟု ယူဆပါသည်။
လူမှုဗေဒရှုထောင့်အရ နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံသားဖြစ်ခွင့်ကို ကွဲပြားသော အယူအဆများအဖြစ် ရှုမြင်ကြသည်။ နိုင်ငံသားဖြစ်မှုကို လူမျိုး၏အမှတ်လက္ခဏာနှင့် မိမိကိုယ်ကို သတ်မှတ်ခြင်းဖြင့် နိုင်ငံသားများရရှိသော စုပေါင်းအမှတ်လက္ခဏာအဖြစ်နားလည်ထားသည်။ ၎င်းတွင် ပိုမိုကျယ်ပြန့်သော နယ်ပယ်တစ်ခု ရှိပြီး နိုင်ငံသားဖြစ်ခွင့်အပေါ် မကြာခဏ လွှမ်းမိုးမှု မရှိသည့် အကြောင်းရင်းများဖြစ်သည့် ဇာတိ၊ လူမျိုးနှင့် လူမှုရေးဆက်နွယ်မှုတို့ ပါဝင်သည်။ သို့သော်လည်း နိုင်ငံတစ်နိုင်ငံအတွင်းတွင် အချို့သောအုပ်စုများ သို့မဟုတ် လူပုဂ္ဂိုလ်များသည် လွှမ်းမိုးကြီးစိုးသော အမျိုးသားရေးလက္ခဏာဖြင့် ဖော်ထုတ်နိုင်မည်မဟုတ်ပေ။ ထိုကဲ့သို့သော နိုင်ငံသားမဟုတ်သူများသည် မွေးရာပါနိုင်ငံသားများမဟုတ်သော်လည်း၊ ယဉ်ကျေးမှု ရောနှောခြင်းမှတဆင့် နိုင်ငံသားဖြစ်ခွင့်ကို ရရှိနိုင်ပြီး၊ တစ်ခါတစ်ရံတွင် ၎င်းတို့၏မူလဝိသေသလက္ခဏာကို လိုက်လျောညီထွေဖြစ်စေရန် သို့မဟုတ် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် နိုင်ငံသားဖြစ်ခွင့်သည် ၎င်း၏အခြေခံကျသော တန်းတူညီမျှမှုအခြေခံမူကြောင့် နိုင်ငံသားမဟုတ်သူများအတွက် အထောက်အပံ့နှင့် ပါဝင်မှုအဆင့်အချို့ကို ပေးဆောင်ပါသည်။
ဤသင်တန်းသည် အခွင့်အရေးအခြေခံရှုထောင့်မှ ‘နိုင်ငံသား’ (citizenship) နှင့် ‘နိုင်ငံသား’ (nationality) ဟူသောအသုံးအနှုန်းများကို အပြန်အလှန်အသုံးပြုနိုင်မည်ဖြစ်သည်။
ဘာသာရေး၊ လူမျိုးရေး၊ နှင့် အမျိုးသားရေး လက္ခဏာ
ဘာသာရေးနှင့် လူမျိုးစုသည် အမျိုးသားရေးအမှတ်လက္ခဏာများကို ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လေ့ရှိပြီး၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းများနှင့် ဥပဒေများကို လွှမ်းမိုးသည်။ လောကီဝါဒသီအိုရီ (secularization theory) အရ ဘာသာရေး၏ အခန်းကဏ္ဍသည် အများပြည်သူဘဝတွင် ကျဆင်းသွားမည်ဟု ခန့်မှန်းခဲ့သော်လည်း၊ လက်ရှိတွင် ထိုသို့ဖြစ်မလာဘဲ ဝေးကွာနေဆဲဖြစ်သည်။ လူမျိုးစုနှင့် ဘာသာရေးသည် အမျိုးသားရေးအမှတ်လက္ခဏာကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပြီး၊ ကွဲပြားသောလူ့အဖွဲ့အစည်းများတွင် မတူညီသည့် လူမျိုးစုနှင့် ဘာသာရေးအုပ်စုများက အမျိုးသားရေးဇာတ်ကြောင်းများအတွင်း ၎င်းတို့၏နေရာကို ရှာဖွေနေကြသည့်အတွက် လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်သည်။ ဤလှုပ်ရှားမှုသည် ဗဟုဝါဒ (pluralism) နှင့် အတူယှဉ်တွဲနေထိုင်မှုကို မြှင့်တင်ပေးနိုင်သလို၊ လက်ခံအသိအမှတ်ပြုမှုနှင့် အမှတ်လက္ခဏာဆိုင်ရာ တင်းမာမှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။”
လူမျိုးစုဆိုင်ရာ အမျိုးသားရေးဝါဒ သည် နိုင်ငံသားဆိုင်ရာ သို့မဟုတ် နယ်မြေ ဆက်စပ်မှုထက် ဘုံလူမျိုးစု၊ ယဥ်ကျေးမှု၊ ဘာသာစကား သို့ လူမျိုးဆိုင်ရာလက္ခဏာရပ်များအပေါ် အခြေခံပြီး အမျိုးသားအမှတ်လက္ခဏာကို တည်ဆောက်သည့် အမျိုးသားရေးဝါဒ၏ ပုံစံတစ်ခုဖြစ်သည်။ 2018 အစီရင်ခံစာ (A/HRC/38/52) သည် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခြေအနေနှင့်ပက်သက်သည့် လူမျိုးရေးခွဲခြားမှုကို ဆန်းစစ်သည်။ နိုင်ငံသားဖြစ်မှုနှင့်လူဝင်မှုကြီးကြပ်ရေးဥပဒေများတွင် ယင်းကဲ့သို့ ခွဲခြားဆက်ဆံခြင်း၏ အထင်ရှားဆုံးသော အကြောင်းအရင်းများထဲမှ တစ်ခုသည် လူမျိုးစု-အမျိုးသားရေးဝါဒဆိုင်ရာအတွေးအခေါ်များတွင် မကြာခဏ အမြစ်တွယ်နေသော ဘက်လိုက်မှုများဖြစ်သည်ဟု အလေးပေးဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာကဲ့သို့သော လူနည်းစုအသိုင်းအဝိုင်းများ၏ လူမျိုးစုနှင့် ဘာသာရေးအမှတ်လက္ခဏာ စသည့် အမှတ်လက္ခဏာဆိုင်ရာ နိုင်ငံရေး ( identity politics) သည် မကြာခဏ အငြင်းပွားဖွယ်ရာ ဖြစ်သည်။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် လူနည်းစု ရိုဟင်ဂျာ များသည် ၎င်းတို့၏ ဇာစ်မြစ်များကို ၈ ရာစုအထိ ခြေရာခံသည်။ သို့သော်လည်း မြန်မာအာဏာပိုင်များက ၎င်းတို့အား ဗြိတိသျှကိုလိုနီခေတ်မှ ဘင်္ဂါလီ ရွှေ့ပြောင်းနေထိုင်သူများ၏ မျိုးဆက်များအဖြစ် ရှုမြင်ကာ ၎င်းတို့၏ ထူးခြားသော အမှတ်လက္ခဏာကို ငြင်းပယ်ခဲ့ပြီး တရားမဝင်သော ဇာစ်မြစ်ကို ရည်ညွှန်းရန်အတွက် “ဘင်္ဂါလီ” ဟု တံဆိပ်တပ်ကပ်ခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း၊ “တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ” ဟူသော ဇာတ်ကြောင်းသည် အခြေတည်လာခဲ့ပြီး “အမျိုးသားလူမျိုးများ” ကို ကာကွယ်ရန်နှင့် တရားမဝင်ဟုဆိုသော ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ရန် ကြိုးပမ်းမှုများကို အားပေးခဲ့သည်။
လူမျိုးစု-အမျိုးသားရေးဝါဒသည် ယဉ်ကျေးမှုထိန်းသိမ်းရေး၊ လူဦးရေဆိုင်ရာ အပြောင်းအလဲများနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့ရာတွင်၊ ဤရှုပ်ထွေးသောဆွေးနွေးမှုဆိုင်ရာ အကြောင်းအရာများသည် အမျိုးသား-နိုင်ငံအတွင်း အဖွဲ့ဝင် ( Belonging) ဖြစ်မှု၏ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် အကဲဖြတ်စံနှုန်း အပေါ် ဝေဖန်ပိုင်းခြားသော ဆင်ခြင်သုံးသပ်မှုများပြုလုပ်ရန် လိုအပ်သည်။
ဇာတ်ကြောင်းချဉ်းကပ်နည်း- လူများစုနှင့် လူနည်းစုဆက်ဆံရေးကို ရှာဖွေခြင်း။
“ငါတို့” နှင့် “သူတို့” ဖြစ်သည်ဟူသော ဇာတ်လမ်းများဖန်တီးရန်အတွက် လူမှုရေးအဆင့်များစွာနှင့် အမျိုးမျိုးသောအခြေအနေများတွင် လူ့သဘာဝ အမှတ်လက္ခဏာ ကိုတည်ဆောက်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပုံရသည်။ ထိုသို့သောဇာတ်ကြောင်းများသည် ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး၊ အမျိုးသားရေး သို့မဟုတ် အခြားကွဲပြားမှုများအပေါ် အခြေခံထားသည်။ ဤဇာတ်ကြောင်းများသည် အားလုံးကို ပါဝင်သော သို့မဟုတ် ဖယ်ထုတ်ထားသော (exclusive)၊ အပြုသဘောဆောင်သော သို့မဟုတ် အနုတ်သဘောဆောင်သော ဇာတ်ကြောင်းများ ဖြစ်နိုင်သည်။
ဥပမာအားဖြင့်၊ မတူကွဲပြားမှုများပြားသော နိုင်ငံတစ်ခုတွင် လူများစု၏ လူမျိုးစုနှင့် ယင်းတို့၏ ဘာသာရေးဆိုင်ရာ လက္ခဏာများကို အသိအမှတ်ပြုသောအခါတွင် လူနည်းစုအုပ်စုများသည် ယင်းတို့၏ဘာသာရေးခံယူချက်၊ နိုင်ငံသားဖြစ်မှုနှင့် ကျား/မ အမှတ်လက္ခဏာများအပေါ်အခြေခံ၍ ပစ်မှတ်ထားခံရနိုင်ပြီး အမုန်းတရားဇာတ်ကြောင်းများနှင့်အတူ ဖယ်ထုတ်ခံရမှု၊ခွဲခြားဆက်ဆံခံရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်ရနိုင်သည်။ ဤအကြောင်းအရာများသည် အချို့သော လူနည်းစုအုပ်စုများကို လူ့ဂုဏ်သိက္ခာမဲ့စေရန် သို့မဟုတ် စွန်းထင်းစေရန် ရည်ရွယ်သည့် တင်စားမှုများ၊ နှိုင်းယှဥ်မှုများနှင့် သင်္ကေတများကို မကြာခဏအသုံးပြုကြသည်၊ ဤလူနည်းစု-လူများစု ပဋိပက္ခသည် အမျိုးသားရေးဇာတ်ကြောင်းအများအတွင်း လူများစုက ၎င်းတို့၏ အမှတ်လက္ခဏာကို လက်မခံသည့်အတွက် လူနည်းစု၏ နိုင်ငံသားဖြစ်ခွင့်အပေါ်လည်း သက်ရောက်နိုင်သည်။
ထိုကဲ့သို့သော စကားလုံးများကို တန်ပြန်ရန် ဗျူဟာတစ်ခုမှာ တန်ပြန်ဇာတ်ကြောင်းများမှတဆင့်ဖြစ်သည်။ ဤချဉ်းကပ်မှုတွင် မတူညီသော အမြင်များကို ပေးပြီး အားလုံးပါဝင်မှုကို မြှင့်တင်ခြင်းဖြင့် ပုံစံသွင်းထားသောအကြောင်းအရာများကို တိုက်ရိုက်စိန်ခေါ်သည့် ဇာတ်လမ်းများနှင့် မက်ဆေ့ချ်များ တင်ဆက်ခြင်းတို့ ပါဝင်ပါသည်။ အမုန်းပွားမှုနှင်ပက်သက်သည့် အကြောင်းအရာဇာတ်လမ်းများသည် အုပ်စုဖွဲ့ရန်လိုမှု၊ ခံယူချက်ပုံဖော်ခြင်းနှင့် ဖယ်ကျဉ်ထားသောသဘောထားများကို လွှမ်းမိုးနိုင်စေသည့် အဓိကတွန်းအားတစ်ခုဖြစ်သည်။ ဤဇာတ်ကြောင်းများကို နားလည်ခြင်းဖြင့် လူမျိုးရေးမှသည် ဘာသာရေးအသိုင်းအဝန်းအထိ မတူညီသောအုပ်စုများ အကြားတွင် မလိုမုန်းထားမှုများ မည်ကဲ့သို့ရှိသည်ကို ထိုးထွင်းသိမြင်စေသည်။
Read more အားလုံးပါဝင်နိုင်သော နိုင်ငံသားဖြစ်မှုပညာပေးတွင် Narrative approach ကို အသုံးချခြင်းနှင့်ပက်သက်ပြီး ဆက်လက်ဖတ်ရှုပါ။
နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လူ့အခွင့်အရေး
နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံတော်၏ နယ်နိမိတ်အတွင်း ဥပဒေများပြဋ္ဌာန်းရန် သီးသန့်အခွင့်အာဏာကို အာမခံပါသည်။ သို့သော်လည်း အမျိုးသားဥပဒေပြဌာန်းခြင်းသည် နိုင်ငံတကာတာဝန်ဝတ္တရားများနှင့် ဆန့်ကျင်ဘက်ဖြစ်နိုင်သည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစံနှုန်းများတွင် နိုင်ငံများသည် နိုင်ငံသားဖြစ်ခွင့်နှင့် လူနည်းစုများကို အကာအကွယ်ပေးခြင်းအပါအဝင် အခြေခံအခွင့်အရေးများကို ထိန်းသိမ်းရန် လိုအပ်သည်။ (see Module 2)
ဝက်စ်ဖေလီယာ စာချုပ် သို့မဟုတ် ငြိမ်းချမ်းရေး (၁၆၄၈ ခုနှစ်) သည် နိုင်ငံများ၏ တန်းတူညီမျှမှုကို အသိအမှတ်ပြုခဲ့ပြီး၊ နိုင်ငံတစ်ခုစီတိုင်းတွင် ပြည်ပ၏ စွက်ဖက်မှု ကင်းစင်စွာဖြင့် ၎င်းတို့၏ နယ်မြေကို ထိန်းချုပ်ရန်နှင့် ပြည်တွင်းမူဝါဒများ ပြဋ္ဌာန်းရန်အတွက် သီးသန့်အခွင့်အရေးရှိကြောင်း အသိအမှတ်ပြုခဲ့သည်။ ၎င်းသည် နောက်ပိုင်း ဆယ်စုနှစ်များစွာအတွက် အပြည်ပြည်ဆိုင်ရာ လူထုဥပဒေ၏ အုတ်မြစ်ဖြစ်လာခဲ့သည်။ သို့သော် ကြမ်းတမ်းသော ကမ္ဘာစစ်ကြီး နှစ်ခုနှင့် နယ်မြေပိုင်ဆိုင်မှု ပဋိပက္ခများကြောင့် ၂၀ ရာစုတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ ပေါ်ထွက်လာခဲ့သည်။ လူ့အခွင့်အရေးများကို လူတစ်ဦးချင်းစီတိုင်းတွင် မစွန့်လွှတ်နိုင်သောနှင့် မွေးရာပါအခွင့်အရေးများအဖြစ် အသိအမှတ်ပြုလာခဲ့သည်။ ဆိုလိုသည်မှာ နိုင်ငံတော်၏ လုပ်ဆောင်ချက်များသည် လူ့အခွင့်အရေးမူဘောင်ကို ထိန်းသိမ်းရန် ၎င်းတို့၏ တာဝန်ဝတ္တရားနှင့် ချိန်ညှိဆောင်ရွက်ရတော့မည် ဖြစ်သည်။”အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေ (IHRL) မူဘောင်ကို နိုင်ငံတော်မှ အဓိကကျင့်သုံးသည့် အလွဲသုံးစားလုပ်မှုနှင့် နိုင်ထက်စီးနင်းပြုခြင်းမှ လူတစ်ဦးချင်းစီ၏ မွေးရာပါအခွင့်အရေးများကို ကာကွယ်ရန်အတွက် ဒုတိယကမ္ဘာစစ်အပြီးတွင် တရားဥပဒေဆိုင်ရာ အစိုးရတစ်ရပ်အဖြစ် ရေးဆွဲခဲ့သည်။ IHRL မူဘောင်တွင် တစ်ဦးချင်းဂုဏ်သိက္ခာနှင့် လွတ်လပ်ခွင့်များကို ကာကွယ်ရန် စီမံထားသော စာချုပ်များ၊ သဘောတူညီချက်များ၊ ကြေညာချက်များနှင့် ဓလေ့ထုံးတမ်းဥပဒေများ ပါဝင်သည်။ ကမ္ဘာ့စံနှုန်းတစ်ရပ်ကို သတ်မှတ်ပေးသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (၁၉၄၈)၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ ပဋိညာဉ် (၁၉၆၆) နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် (၁၉၆၆) ကဲ့သို့သော စာချုပ်များ ပါဝင်သည်။
ဤဥပဒေစုတစ်ခုလုံးတွင် ပါဝင်သည့် အဓိကမူတစ်ရပ်မှာ ခွဲခြားမှုမရှိခြင်းဖြစ်ပြီး၊ နိုင်ငံတော်များအား လူပုဂ္ဂိုလ်အားလုံးကို တန်းတူညီမျှ ဆက်ဆံရန် လိုအပ်သည်။ နိုင်ငံများသည် ဤကဲ့သို့သော နိုင်ငံတကာစာချုပ်များကို အတည်ပြုခြင်းဖြင့် ၎င်းတို့၏ အချုပ်အခြာအာဏာ၏ ရှုထောင့်များကို ဆန္ဒအလျောက် ကန့်သတ်ပြီး ပြည်တွင်းဥပဒေများကို နိုင်ငံတကာတာဝန်ဝတ္တရားများနှင့်အညီ ချိန်ညှိကြသည်။ သို့သော် နိုင်ငံများသည် နိုင်ငံတကာစာချုပ်များအတွင်းရှိ အချို့သော ပြဋ္ဌာန်းချက်များကို သီးသန့်သဘောထားမှတ်ချက် (reservations) ပေးပိုင်ခွင့်ကိုလည်း လက်ခံထားဆဲဖြစ်ပြီး၊ ထိုသို့ဖြင့် နိုင်ငံတော်မူဝါဒများသည် သတ်မှတ်ထားသော စံနှုန်းများကို ကျော်လွန်ခွင့်ရရှိစေသည်။”
မကြာခဏဆိုသလို ပဋိပက္ခဖြစ်နေသော ဤမူဘောင်များအကြား ဟန်ချက်ညီစေရန် ဆောင်ရွက်ခြင်းသည် ရှုပ်ထွေးပြီး အငြင်းပွားဖွယ်ရာ လုပ်ငန်းတစ်ရပ်ဖြစ်သည်။ နိုင်ငံတကာ ဥပဒေမူဘောင်သည် ခိုင်မာစွာ အခြေတည်နေပြီဖြစ်သော်လည်း၊ ၎င်း၏ လက်တွေ့အကောင်အထည်ဖော်မှုသည် နိုင်ငံတကာ စောင့်ကြည့်ကြီးကြပ်ရေး ယန္တရားများ၏ ထိရောက်မှုအပေါ် မူတည်နေပြီး၊ ၎င်းတို့သည် နိုင်ငံတော်များကို တာဝန်ယူမှုရှိအောင် လုပ်ဆောင်ရာတွင် မကြာခဏ အားနည်းချက်များ ရှိနေသေးသည်။ အချို့သောနိုင်ငံများသည် နိုင်ငံတကာနယ်ပယ်တွင် အခြားနိုင်ငံများထက် အာဏာပိုရှိနေခြင်းသည်လည်း နိုင်ငံတကာ ဥပဒေစနစ်၏ ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးပြီး ပုံစံပြောင်းလဲစေသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ICJ နှင့် ICC ကဲ့သို့သော တရားရုံးများ၊ အထူးခုံရုံးများနှင့် အမေရိကတိုက်ဆိုင်ရာ လူ့အခွင့်အရေးတရားရုံး၊ ဥရောပလူ့အခွင့်အရေးတရားရုံးနှင့် အာဖရိကတိုက်ဆိုင်ရာ လူ့နှင့်ပြည်သူ့အခွင့်အရေးတရားရုံး ကဲ့သို့သော ဒေသဆိုင်ရာ တရားရုံးအမျိုးမျိုးတို့ကဲ့သို့သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့များသည် နိုင်ငံများနှင့် လူပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ကြသည်။ သို့သော် ဤအဖွဲ့အစည်းများသည် ၎င်းတို့၏ စံနှုန်းများကို တိုက်ရိုက် အကောင်အထည်ဖော်ရန်အတွက် စွမ်းဆောင်ရည်နှင့် လုပ်ပိုင်ခွင့်မကြာခဏ ကင်းမဲ့နေပြီး နိုင်ငံတကာဖိအားနှင့် သံတမန်ရေးရာအပေါ် အဓိကထား မှီခိုနေရသည်။ ထို့အပြင်၊ အချို့သော စံနှုန်းများအပေါ် နိုင်ငံများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ မတူညီခြင်းသည် နိုင်ငံတကာစံနှုန်းများထက် နိုင်ငံတော်မူဝါဒများကို ဦးစားပေးခြင်းသို့ မကြာခဏ ဦးတည်စေသည်။
ဥပမာအားဖြင့်၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များကို ဆက်ဆံခြင်းသည် နိုင်ငံတော်များနှင့် IHRL မူဘောင်ကြား တွင် အထူးအငြင်းပွားဖွယ်ရာ နယ်ပယ်တစ်ခု ဖြစ်လာသည်။နှိပ်စက်ညှဉ်းပန်းမှုကို ဆန့်ကျင်သည့် သဘောတူညီချက် (Convention Against Torture) ကဲ့သို့သော နိုင်ငံတကာစာချုပ်များအောက်ရှိ ပြန်မပို့ရန်မူ (non-refoulement) ၏ အကြွင်းမဲ့ သဘောသဘာဝသည် နိုင်ငံများအား လူပုဂ္ဂိုလ်များကို နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် အခြားသော ဆိုးရွားစွာဆက်ဆံခြင်းတို့၏ စစ်မှန်သော အန္တရာယ်ရှိသည့် နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခြင်းကို တားမြစ်ထားသည်။ ဤသည်မှာ လူဝင်မှုကြီးကြပ်ရေးမူဝါဒအပေါ် အချုပ်အခြာအာဏာပိုင် ထိန်းချုပ်မှုကို တိုက်ရိုက်ကန့်သတ်ခြင်းဖြစ်သည်။ သို့သော်၊ နိုင်ငံများစွာသည် ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေ သို့မဟုတ် နိုင်ငံမဲ့ဖြစ်နိုင်ခြေရှိလင့်ကစား လူပုဂ္ဂိုလ်များကို ဆက်လက် နှင်ထုတ်ခြင်း သို့မဟုတ် ‘ပြန်ပို့ခြင်း’ များကို ဆက်လက်လုပ်ဆောင်နေကြသည်။
လွန်ခဲ့သည့် နှစ် ၈၀ ကာလသည် IHRL နယ်ပယ်တွင် သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သည်။ တစ်ဦးချင်းအခွင့်အရေးများသည် နိုင်ငံတော်ဆိုင်ရာ သမာရိုးကျနှင့် ၎င်းကျင့်သုံးသော အာဏာတို့ထက် ပိုမို ဦးစားပေးလာခဲ့သည်။ထိုသို့လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများစွာ ကျန်ရှိနေပြီးထောက်ခံအားပေးမှုနှင့် ညှိနှိုင်းမှုများမှတစ်ဆင့် ဆက်လက်ဖြေရှင်းနေရသော်လည်း၊ ၂၀ ရာစု၏ ဒုတိယတစ်ဝက်သည် နိုင်ငံတော်များသည် အကန့်အသတ်မရှိသော အချုပ်အခြာအာဏာကို ပိုင်ဆိုင်သည်ဟူသော အယူအဆမှ ခိုင်မာစွာ ကွဲထွက်သွားခြင်းကို နားလည်စေခဲ့သည်။
အဓိကဖြစ်ရပ်တင်ပြချက်များ-
နိုင်ငံသားအဖြစ် အစုလိုက်အပြုံလိုက် ဆုံးရှုံးခြင်း သို့မဟုတ် လူမျိုးရေးခွဲခြားခြင်း သည် ၂၁ ရာစုတွင် ကျွန်ုပ်တို့တွေ့မြင်ရသော ဖြစ်စဉ်အသစ်မဟုတ်ပါ။ ဥပမာအားဖြင့်၊ 20 ရာစုတွင်၊ နာဇီဂျာမနီမှ ဂျူးလူမျိုးများကို ခွဲခြားဆက်ဆံခြင်း၊ ဆီးရီးယားနှင့် အီရတ်ရှိ ကာ့ဒ်လူမျိုးများကို ခွဲခြားဆက်ဆံခြင်းစသည်ဖြင့်၊ ဒိုမီနီကန်သမ္မတနိုင်ငံရှိ ဟေတီနွယ်ဖွား ဒိုမီနီကန်များ၏ နိုင်ငံသားဖြစ်ခွင့်ကို ကျွန်ုပ်တို့လည်း တွေ့မြင်ခဲ့ရသည်။ ဤသင်တန်း၏ရည်ရွယ်ချက်အတွက် ရိုဟင်ဂျာလူမျိုးများ၏ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခြင်းနှင့် မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများ၏ အခြေအနေကို လေ့လာသုံးသပ်ရန်ဖြစ်ပါသည် ။
ဤသင်တန်းသည် တရားဝင်မူဘောင်များ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ နှင့် သမိုင်းဆိုင်ရာ ဇာတ်ကြောင်းများတို့သည် အကျုံးဝင်မှု (belonging) နှင့် ဖယ်ထုတ်မှု (exclusion) ဆိုင်ရာ လုပ်ဆောင်ချက်များကို မည်သို့ ဖြတ်ပိုင်းဆက်စပ် ပုံဖော်သည်ကို ခွဲခြမ်းစိတ်ဖြာထားသည်။ ဤသင်တန်းရှိ အဓိကဖြစ်ရပ်လေ့လာမှုများသည် နိုင်ငံတော်ဦးဆောင်သော ဖယ်ကျဥ်ခြင်း လုပ်ငန်းစဥ်များက တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများကို စနစ်တကျ ဘေးထုတ်ခံရရခြင်း(systemic marginalization) အား မည်သို့ အထောက်အကူပြုနိုင်သည်ကို သရုပ်ဖော်ပြသထားသည်။
မြန်မာ နိုင်ငံသားနှင့် တိုင်းရင်းသားများ
စစ်တပ်ကြီးစိုးသော အစိုးရလက်အောက်တွင် ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူမျိုးစုနှင့် ဘာသာရေးတို့က ပုံဖော်ထားသော အမျိုးသားရေးအမြင်ကို ထင်ဟပ်စေပါသည်။ ၎င်းသည် တရားဝင် အသိအမှတ်ပြုထားပြီး အုပ်စုကြီး ရှစ်ခုအောက်တွင် ပါဝင်သည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးအား အထူးအဆင့်အတန်းနှင့် အခွင့်အရေးများကို ပေးအပ်ထားသည်။ ရိုဟင်ဂျာ၊ အိန္ဒိယနွယ်ဖွားနှင့် တရုတ်နွယ်ဖွားများကဲ့သို့ စာရင်းတွင် မပါဝင်သော အသိုက်အဝန်းများကို တရားဝင်အသိအမှတ်ပြုခြင်းနှင့် နိုင်ငံသားအပြည့်အဝဖြစ်ခွင့်တို့ကို ငြင်းပယ်ထားသည်။ ကချင်၊ ချင်း၊ ကရင် ကဲ့သို့သော တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် ပါဝင်နိုင်သည့် အခြားတိုင်းရင်းသားအုပ်စုများပင်လျှင် ဆက်လက်၍ ဘေးဖယ်ခံရခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းတို့ကို ကြုံတွေ့နေရပါသည်။ ဤလူမျိုးစုအခြေပြု စနစ်နှင့် အမျိုးသားရေး နိုင်ငံရေးလုပ်ထုံးလုပ်နည်းများကြောင့် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ဖယ်ထုတ်ခံရမှု၊ ဘေးထုတ်ခံရခြင်းနှင့် အကြမ်းဖက်မှုများသည် ပိုမိုပြင်းထန်လာခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်သည် ၁၉၈၂ နိုင်ငံသားဥပဒေအရ ဗြိတိသျှကိုလိုနီပြုမှုစတင်သည့် ၁၈၂၃ ခုနှစ်မတိုင်မီ ရှိခဲ့သည့် တိုင်းရင်းသားမျိုးရိုးနှင့် ဘိုးဘွားစဉ်ဆက်နေထိုင်ခြင်းမှုအပေါ်တွင် ဆက်စပ်နေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုသည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ဗြိတိသျှကိုလိုနီနယ်ချဲ့မှု စတင်ချိန်ဖြစ်သည့် ၁၈၂၃ ခုနှစ် မတိုင်မီက ရှိခဲ့သော လူမျိုးစုမျိုးရိုးနှင့် ဘိုးဘွားပိုင် နေထိုင်မှုအပေါ် ချိတ်ဆက်ထားပါသည်။ ထိုဥပဒေသည် နိုင်ငံသားဖြစ်မှုအဆင့် သုံးမျိုးဖြစ်သည့် နိုင်ငံသား (full)၊ ဧည့်ခံနိုင်ငံသား (associate) နှင့် နိုင်ငံသားပြုသူခွင့်ရသူ (naturalized) စသဖြင့် သတ်မှတ်ခြင်းဖြင့် အဖွဲ့ဝင်ဖြစ်မှု၏ အဆင့်လိုက် ဖွဲ့စည်းပုံကို ဖန်တီးခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားလူမျိုးစု၏ တရားဝင်အဆင့်အတန်း၊ အခွင့်အရေးနှင့် နိုင်ငံရေးပါဝင်မှုကို ဆုံးဖြတ်ပေးသည့် ဤစနစ်ကို ထောက်ပံ့လျက်ရှိသည်။
မြန်မာနိုင်ငံရှိ လူမျိုးရေးနှင့် ဘာသာရေး လူနည်းစုများကို ပစ်ပယ်ခြင်း။
တိုင်းရင်းသားလူမျိုးများ၏တရားဝင် အမျိုးအစားခွဲခြားခြင်းအပြင် ‘ဗမာမှုပြုခြင်း’ လုပ်ငန်းစဉ်သည်လည်း မြန်မာနိုင်ငံရှိ အချို့သောအုပ်စုများကို ချန်လှပ်ထားနိုင်စေခဲ့သည်။ လူမျိုးတစ်မျိုးအဖြစ် စာရင်းသွင်းခြင်းသည် လုံလောက်ခြင်းမရှိပါ။
တိုင်းရင်းသားအသိုက်အဝန်းတစ်ခုသည် ၎င်း၏မူလဇာစ်မြစ်ကို ဗမာအဖြစ် သက်သေပြရမည်ဖြစ်ပြီး၊ ထိုသို့သက်သေပြရာတွင် ် ဗုဒ္ဓဘာသာဖြစ်မှုနှင့်နှင့် ဗမာဘာသာစကားတို့နှင့် ဆက်စပ်နေသော ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာများကို ဦးစားပေးထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်ပြားများတွင် ဗမာ၊ ကရင်၊ ရှမ်း၊ မွန် စသည်တို့ကဲ့သို့သော လူမျိုးစုအမှတ်လက္ခဏာများအပြင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင် စသည့် ဘာသာရေးအမှတ်လက္ခဏာ အချက်အလက်များကိုပါ ထည့်သွင်းထားသည်။ လူမျိုးစုအမှတ်လက္ခဏာကို သက်သေပြရန်အတွက် ဘိုးဘွားမိဘများ၏ မှတ်ပုံတင်စာရွက်စာတမ်းများ၊ မိသားစုမျိုးရိုးဇယား၊ အိမ်ထောင်စုစာရင်းတို့ကို တင်ပြရန် လိုအပ်ပြီး၊ ဘာသာရေးအမှတ်လက္ခဏာသည် တိကျသော လူမျိုးစုအတွင်းရှိ ဘာသာရေးလူနည်းစုကို ထပ်မံစိစစ်ပါသည်။ ဥပမာအားဖြင့်၊ အဓိကကျသော ဗမာ သို့မဟုတ် ရှမ်းလူမျိုးများနှင့် မတူညီသော ဘာသာစကား၊ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာများရှိသည့် ကရင်လူမျိုးအသိုက်အဝန်းသည် ၎င်းတို့၏ ဘိုးဘွားဇာစ်မြစ်ကို သက်သေမပြနိုင်ခြင်းကြောင့် မှတ်ပုံတင်စာရွက်စာတမ်းများ မကြာခဏ ငြင်းပယ်ခံရသည်။ ခရစ်ယာန်နှင့် မွတ်ဆလင် ကရင်များမှာမူ ၎င်းတို့၏ ဘာသာရေးအမှတ်လက္ခဏာကြောင့် အပိုဆောင်း အခက်အခဲများကို ရင်ဆိုင်ရသည်။ မွေးကင်းစကလေးငယ်များ၏ မိဘမှတ်ပုံတင်တွင် ဗမာဇာစ်မြစ်ကို ပြသရန် လိုအပ်သောကြောင့် မွေးစာရင်းကိုပင် ငြင်းပယ်ခံနေရသည်။
မြန်မာနိုင်ငံရှိ လူမျိုးရေး၊ ဘာသာရေး လူနည်းစုများအပေါ် နှိပ်စက်ညှဉ်းပန်းမှုအကြောင်း ဤနေရာတွင် ဆက်လက်ဖတ်ရှုပါ။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခြင်း။
ရိုဟင်ဂျာမူဆလင်များသည် ရခိုင်ပြည်နယ်မှ ဘာသာရေးနှင့် တိုင်းရင်းသား လူနည်းစုဖြစ်သည်။ ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရပြီး ကမ္ဘာပေါ်တွင် နိုင်ငံမဲ့လူဦးရေ အများဆုံးနိုင်ငံလူမျိုးအဖြစ် ကျန်ရှိနေပါသည်။
၎င်းတို့နေထိုင်ရာ ဒေသတွင် ရှည်လျားသော သမိုင်းကြောင်းရှိသော်လည်း မြန်မာ အစိုးရမှ ၎င်းတို့အား တရားဝင် “လူမျိုးစု” အဖြစ် အသိအမှတ်မပြုပေ။ ဤအသိုက်အဝန်းသည် ၁၉၆၀ ခုနှစ်များကတည်းက စနစ်ကျသော ဘေးဖယ်ထားခြင်းနှင့် နိုင်ငံတော်မှ ဦးဆောင်သော ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းဆယ်စုနှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်မှုနှင့် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုများအဖြစ်သို့ တိုးလာခဲ့သည်။
2016 နှင့် 2017 ခုနှစ်များတွင် ရိုဟင်ဂျာ သောင်းကျန်းသူအဖွဲ့ငယ်များ၏ တိုက်ခိုက်မှုအပြီးတွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။၎င်းကို တုံ့ပြန်သည့်အနေဖြင့် မြန်မာစစ်တပ်သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ရွာများကို ဖျက်ဆီးမှု အပါအဝင် ရက်ရက်စက်စက် ဖြိုခွဲခဲ့သည်။ ဒီအကြမ်းဖက်မှု အပြီးတွင် ရိုဟင်ဂျာ တစ်သန်းကျော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဒုက္ခသည် အခြေချနေထိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇား ဒုက္ခသည် စခန်းမှာ နေထိုင်နေကြရသည်။ ယနေ့အချိန်အထိ ရိုဟင်ဂျာများသည် ကမ္ဘာတစ်ဝန်းတွင် အနှိပ်စက်ခံရဆုံး လူနည်းစုများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး၊ မြန်မာနိုင်ငံအတွင်း၌ရော ၎င်း၏နယ်နိမိတ်ပြင်ပတွင်ပါ အခြေခံအခွင့်အရေးများ ဆုံးရှုံးကာ နိုင်ငံမဲ့ဖြစ်မှု၊ အတင်းအဓမ္မ ရွှေ့ပြောင်းခံရမှုနှင့် ထင်ရှားသော ခွဲခြားဆက်ဆံမှုများ၏ သံသရာလည်နေသော အခြေအနေတွင် ပိတ်မိနေပါသည်။
ထပ်လောင်းအရင်းအမြစ်များ
- Lachmann R . Nation-State Formation: Power and Culture. In: Janoski T, de Leon C, Misra J, Martin IW, eds. The New Handbook of Political Sociology. Cambridge University Press; 2020:458-483.
- Storm, H. J. (2022). The rise of the nation‐state during the Age of Revolution: revisiting the debate on the roots of nations and nationalism. Nations And Nationalism, 28(4), 1137-1151. doi:10.1111/nana.12857 https://scholarlypublications.universiteitleiden.nl/handle/1887/3443699
- Anderson, Benedict. 2016. Imagined Communities. London, England: Verso Books.
- Shady, S. N. (2021). Territory and the divine: the intersection of religion and national identity. West European Politics, 45(4), 744–766.
- Reynolds, S. G. (2019). National Identity and Religion: an unhealthy mix? The Furrow, 70(4), 241–244. http://www.jstor.org/stable/45210217
- Allen Buchanan and Margaret Moore (eds) (2003), States, Nations, and Borders: the Ethics of Making Boundaries” Link
- Gopal Krishna Siwakoti (2012) “Beyond Borders”
- Benedict Anderson, Imagined communities
- Edwards, Alice. 2014. “The Meaning of Nationality in International Law in an Era of Human Rights.” In Nationality and Statelessness under International Law, edited by Alice Edwards, and Laura Van Waas, 11–43. Cambridge: Cambridge University Press. https://doi.org/10.1017/CBO9781139506007.002.
- Oommen, T. K. 1997. Citizenship, Nationality, and Ethnicity: Reconciling Competing Identities. Cambridge, Mass: Polity Press.
- Spinner-Halev, Jeff. 1994. The Boundaries of Citizenship: Race, Ethnicity, and Nationality in the Liberal State. Baltimore: Johns Hopkins University Press.
- Antara Dalla, Refugees and Borders i11 South Asia: The Great Exodus of 1971 (Chapter 3), Routledge (2023)
- Mukherjee, Kunal. 2019. “The Ethnic Minority Question and Rohingya Crisis in Contemporary Myanmar.” Journal of Muslim Minority Affairs 39 (1): 26–43. https://doi.org/10.1080/13602004.2019.1575021.
- Topich, William J., and Keith A. Leitich. 2013. The History of Myanmar. The Greenwood Histories of the Modern Nations. Santa Barbara, Calif: Greenwood.
- International Crisis Group, Identity Crisis: Ethnicity and Conflict in Myanmar, 2020, https://www.crisisgroup.org/asia-pacific/myanmar/312-identity-crisis-ethnicity-and-conflict-myanmar
- UN Human Rights Council, Report of the detailed findings of the Independent International Fact-Finding Mission on Myanmar, 17 September 2018, A/HRC/39/CRP.2, available at: https://undocs.org/A/HRC/39/CRP.2
တွေးခေါ်မှုများအတွက် မေးခွန်းများ
- သင့်နိုင်ငံတွင် နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံသားအဖြစ် ပိုင်ဆိုင်ခွင့်ကို ဖော်ပြပုံတွင် သိသာထင်ရှားသောပြောင်းလဲမှုများ ရှိပါသလား။
- ဤဆွေးနွေးမှုများအပေါ်တွင်ဘာသာရေး သို့မဟုတ် လူမျိုးစုအပေါ် လွှမ်းမိုးနေသည်ကို သင်မြင်ပါသလား။ ဤနေရာတွင် ဆွေးနွေးထားသော ဖြစ်ရပ်များကို ဆင်ခြင်သုံးသပ်ပြီးနောက်၊ ထိုပြဿနာများသည် သင့်ဒေသ/နိုင်ငံနှင့် မည်သို့ဆက်စပ်နေသနည်း။
- နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှိ ကရင်လူနည်းစုများနှင့် ရိုဟင်ဂျာတွေရဲ့ အတွေ့အကြုံတွေကြား မည်သို့သောတူညီမှုတွေများနှင့် ကွဲလွဲမှုတွေ တွေ့ရပါသလဲ။
- ဤနေရာတွင် ဆွေးနွေးထားသော ဖြစ်ရပ်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့်၊ နိုင်ငံတစ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာကို ကာကွယ်ရင်း လူ့အခွင့်အရေးကို ထိန်းသိမ်းထားရန် ဖြစ်နိုင်သည်ဟု သင်ထင်ပါသလား။ ဖြစ်နိုင်ပါက၊ ၎င်းကို မည်သို့ အောင်မြင်စွာ လုပ်ဆောင်နိုင်မည်နည်း။


